နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ညောင်ပင်သာကျေးရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေးဆေးခန်း ဆောင်ရွက်ခြင်း။

၂၀၁၇ ခုနှစ်၊ မတ်လ ၁၈ ရက်။
 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း
                ညောင်ပင်သာရွာလေးသည် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် တည်ရှိပါသည်။ ကားဖြင့်သွားလျှင်အာဟာရသုခဈေးမှ မိနစ် ၂၀ လောက်သွားရပါသည်။
     မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းမှ တာဝန်ရှိသူများ၊နေပြည်တော်ကုတင်(၁၀ဝ၀)ပြည်သူ့ဆေးရုံကြီးမှသွားဘက်ဆိုင်ရာအထူးကု ဆရာဝန်အဖွဲ့၊ပျဉ်းမနားကုတင်(၂၀ဝ)ပြည်သူ့ဆေးရုံမှမျက်စိအထူးကုဆရာဝန်များ၊ နေပြည်တော်ပြည်သူ့  ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူးနှင့်ဆရာဝန်များ၊ဒက္ခိဏခရိုင်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ပျဉ်းမနားမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေ ဆေးခန်းမှလက်ထောက်ဆရာဝန်များလိုက်ပါလျက် ၂၀၁၇ခုနှစ်၊ မတ်လ(၁၈)ရက်နေ့တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ညောင်ပင်သာကျေးရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေးဆေးခန်းကို ဆောင် ရွက်ခဲ့ပါသည်။
               ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်ဒေါက်တာစမ်းစမ်းလှိုင်မှ အမှာစကားပြောကြားပြီး၊  လက်ထောက်ဆရာဝန်ဒေါက်တာသက်နိုင်ဦးမှ  အသက်(၂)နှစ်
အောက်ကလေးများ  ကာကွယ်ဆေးထိုးနှံရေးအတွက်   အသိပညာပေးအကြောင်းကို     လည်းကောင်း၊ဒေါက်တာခိုင်နွယ်ဟန်မှ  နာတာရှည်ရောဂါများဖြစ်သော  နှလုံး၊သွေးတိုး၊ဆီးချိုရောဂါများ  အကြောင်းကို
လည်းကောင်းဟောပြောခဲ့ပါသည်။ 
      ဆက်လက်၍အသက်(၂၄)နှစ်အောက်လူငယ်များကိုမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ IPPF စီမံချက်ဌာနမှ  ဒုတိယစီမံချက်အရာရှိ  ဒေါ်နန်းအင်ကြင်းဦးမှ  ပျိုရွယ်သူ ကျန်းမာရေး အသိပညာပေးခြင်းကိုလည်းကောင်း၊ “လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများ’’ အကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများမှလည်းကောင်း၊ ဆက်သွယ်ရေးအရာရှိ ဒေါ်အေးသီရိမြတ်က ကျား/မရေးရာ တန်းတူညီမျှခြင်းနှင့်ပတ်သက်၍ လည်းကောင်းအသီးသီး အသိပညာပေးဟောပြောခဲ့ကြပါသည်။
           ၄င်း ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်း ဟောပြောပွဲတွင် သက်ကြီးဘိုးဘွားများ  ကိုယ်ဝန်ဆောင်များ၊လူငယ်များနှင့်ဆေးခန်းသို့ လာရောက်ပြသသောလူနာများ  အပါအဝင် ကျေးရွာရပ်ကွက် မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ဆက်လက်၍  အဘိုးအဘွားများကို  အားဆေးနှင့်အာဟာရဖြစ်စေသောအစားအစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင် များကိုတစ်ခါ သုံးမွေးအိတ်၊ အိုင်အိုဒင်းဆားနှင့် ဆပ်ပြာများကိုလည်းကောင်း ၊ကျေးရွာစာကြည့်တိုက်အတွက်မေတ္တာစမ်းရေမဂ္ဂဇင်းများကို လည်းကောင်းလှူဒါန်းခဲ့ပါသည်။
        ဒုတိယပိုင်းတွင်ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာကိုယ် ဝန်ဆောင် (၂၄) ဦး၊သက်ကြီး  ဘိုးဘွား (၄၅)ဦး၊ မျက်စိ လူနာ( ၁၁၀ )ဦး၊ သွား နှင့်ခံတွင်းလူနာ( ၂၆ )ဦး နှင့် အထွေထွေလူနာ (၈၀)ဦး စုစုပေါင်း(၂၈၅)ဦး တို့ကို   ကြည့်ရှု့စစ်ဆေးကုသပေးခဲ့ပြီးညွှန်းပို့ရန်လိုအပ်သောလူနာများကို နီးစပ်ရာ ကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်းနှင့်ချို့တဲ့လူနာများကို ထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက်ပေးနိုင်ခဲ့
ကြောင်း သတင်းရရှိပါသည်။

          အသိပညာပေးဟောပြောသောအကြောင်းအရာများမှာ
          ကာကွယ်ဆေးထိုးနှံရေးအကြောင်းနှင့် ပတ်သက်၍

  • အသက် (၂) နှစ်အောက်ကလေးများအား တိုးချဲ့ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် အရ မွေးစ၊ အသက် ၂လ၊ ၄လ၊ ၆လ၊ ၉လ နှင့် ၁၈လ တို့တွင် သတ်မှတ်ထားသည့် ကာကွယ်ဆေးထိုးနှံရန် လိုအပ်ကြောင်း၊

  • မိခင်များ၏တာဝန်သာမဟုတ်၊ ဖခင်၊ ဒွေးဒေါ်၊ ဘကြီး၊ အဘိုးအဘွားများ၏ တာဝန်ပါဖြစ်ကြောင်း၊

  • လူတိုင်းကာကွယ်ဆေးထိုးရမည့် အသက်အရွယ်၊ ထိုးရမည့်ကာကွယ်ဆေး အမျိုးအမည်နှင့် ထိုးနှံနိုင်မည့် စုရပ်နေရာတို့ကို သိရှိထားရန်လိုအပ်ကြောင်း၊ ရပ်ရွာအတွင်း အချင်းချင်း အသိပေး ဆော်သြရန်လိုအပ်ကြောင်း၊ နီးစပ်ရာကျန်းမာရေးဌာန၊ စုရပ်များတွင် သွားရောက်ထိုးနှံ နိုင်ကြောင်း၊

  • နာတာရှည်ရောဂါများဖြစ်သော နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါများအကြောင်းနှင့် ပတ်သက်၍ ချိုလွန်းသောအစားအစာများ၊ ငန်သောအစားအစာများကို ရှောင်ရန်၊ ကိုယ်လက်လှုပ်ရှားမှုရှိရန်၊ သွေးပေါင်မှန်မှန်ချိန်ရန်၊ ထိုရောဂါများရှိပါက ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း မှန်မှန် သောက်ရန် လိုအပ်ကြောင်း၊ 

  • ပျိုရွယ်သူမျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ ဆယ်ကျော်သက်ကျောင်းသားကျောင်းသူများ အသိပညာပေးရာတွင် ပျိုဖော်ဝင်သည့်အချိန်တွင် ခံစားရသည့် ခံစားမှုများ၊ လိင်နှင့်ဆိုင်သော အကြောင်းအရာများ၊ ဆောင်ရန်၊ ရှောင်ရန်များကို မျှဝေပေးခြင်း၊

  • ကျား၊ မရေးရာတန်းတူညီမျှရေးနှင့် ပတ်သက်၍ ဆယ်ကျော်သက်ကျောင်းသားကျောင်းသူများ အသိပညာပေးရာတွင် ကျား၊ မ ဟူ၍ လိင်အားဖြင့် ပညတ်ထားသော်လည်း ရရှိရမည့် အခွင့်အရေးများသည် အတူတူဖြစ်ပါကြောင်း၊ အခွင့်အရေးနှင့်အတူ တာဝန်ယူမှုသည်လည်း တစ်ပါတည်းပါလာပြီဖြစ်ပါသောကြောင့် အမျိုးသမီးများသည်လည်း အမျိုးသားများနှင့်တန်းတူ ကြိုးစားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျား၊ မရေးရာ တန်းတူညီမျှရေး ဆိုသည်မှာ အမျိုးသား များအား ဖယ်ထုတ်ခြင်းမဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုမိုအားကောင်းအောင် အတူတူပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြပါသည်။