မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေး ဆေးခန်းကို နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာတွင် ဆောင်ရွက်ခြင်း။

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်

          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင် ဦးဆောင်၍ အသင်းမှတာဝန်ရှိသူများ၊ နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ လက်ထောက် ဆရာဝန်များနှင့် IPPF စီမံချက်ဌာနမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမေချမ်းဦးတို့ လိုက်ပါလျက် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက် နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာသို့ သွားရောက်ကာ ရွေ့လျား ကျန်းမာရေး စောင့်ရှောက်မှုကို ဆောင်ရွက်ခဲ့ ပါသည်။
          ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဘိုးအဘွား(၃၅)ဦးကို အားဆေးနှင့် အာဟာရဖြစ်စေမည့် အစားအစာများကို လည်း ကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၂၀)ဦးကို ကလေးအင်္ကျီ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကိုလည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့ပါ သည်။
         ဆက်လက်၍ လက်ထောက်ဆရာဝန် ဒေါက်တာ ခိုင်နွယ်ဟန်မှ ဆီးချို ရောဂါ အကြောင်းကို လည်းကောင်း၊ အသက်(၂၄)နှစ်အောက် လူငယ်များအား “သက်ငယ် မုဒိမ်းမှု ကာကွယ်ရေးဆိုင်ရာ နှင့်လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း” ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူး ဒေါ်သူဇာလွင်က လည်းကောင်း၊ မေတ္တာစမ်းရေ ဆေးခန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ ခင်ဝါဝါလှိုင်မှ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းအကြောင်းကိုလည်းကောင်း၊ Sprint Programme Officer ဒေါက်တာ ဝေလင်းကြည်က ပျိုရွယ်သူမျိုး ဆက်ပွား ကျန်းမာရေး အသိပညာပေးခြင်းအကြောင်းကို လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပါသည်။
 
                    အဆိုပါ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့် လာရောက်ပြသသော လူနာများအပါ အဝင် ကျေးရွာ၊ ရပ်ကွက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်း များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင်(၂၀)ဦး၊ သွားနှင့်ခံတွင်းလူနာ (၂၁)ဦး နှင့် အထွေထွေလူနာ(၉၇)ဦး စုစု ပေါင်း(၁၃၈) ဦးတို့ကို ကြည့်ရှုစစ်ဆေးကုသဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။