၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ  (၁၃)ရက်။
 
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်း အနားကို ၂၀၁၉ခုနှစ်၊ ဩဂုတ်လ (၁၃)ရက်နေ့ နံနက်(၉ : ၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နှီးနွယ် ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့ အစည်းများမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်း မြင့်အောင်နှင့်ဗဟိုအလုပ် အမှုဆောင် အဖွဲ့၀င်များ၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာ အဖွဲ့ချုပ် ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၀င်များ၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘ၀မြှင့်တင် ရေးအသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့၀င်များ၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့်ကာကွယ် စောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ ဝင်များ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ များမှ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)ခုမှ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌများနှင့်အတွင်းရေး မှူးများ၊ မေတ္တာစမ်းရေဆေးခန်းတွင် (၃)ကြိမ်နှင့် အထက် လာရောက်ပြသပြီးသော ကိုယ်၀န်ဆောင်များ၊ နို့တိုက်မိခင်များနှင့် ၎င်းတို့၏ ခင်ပွန်းများ၊အခြား ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ၏ အနာဂတ်များဖြစ်ကြသော ကလေးငယ်များနှင့်ကလေးမိခင်များ၏ ကျန်းမာရေး၊ ပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ ကဏ္ဍသည် အရေးကြီးကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ရက်သတ္တပတ်များ လှုပ်ရှား မှုသည် ယခုလ တစ်လတည်း အတွက်သာလုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ တစ်နှစ်ပတ်လုံး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ၂၀၁၉ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် များ လှုပ်ရှားမှု၏ ဆောင်ပုဒ်မှာ “ အာဟာရတွင် မြှုပ်နှံကာ လက်တွဲတူညီဆောင်ရွက်ပါ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာ”ဖြစ်ပြီး ဆောင်ပုဒ်နှင့်အညီ အားလုံးလက်တွဲ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက အခမ်းအနား သို့တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင် မိခင်များကို အိုင်အိုဒင်းဆား၊ ကိုယ်ဝန် ဆောင်အားဆေး၊ အနှီးပိတ်များနှင့် အားဖြည့်ဆန်များကို ထောက်ပံ့ပေး အပ်ခဲ့ ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တက်ရောက်လာ ကြသူများနှင့်အတူ ခင်းကျင်းပြသထားသော မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၏ လှုပ်ရှားမှု ဓာတ်ပုံများကို ကြည့်ရှုခဲ့ကြပါသည်။
 
ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အရ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြား ပါသည်။ ဆက်လက်၍ အာဟာရပညာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ လွင်မာလှိုင်က အာဟာရနှင့်ပတ်သက်၍ လည်းကောင်း၊ ကလေးကျန်းမာဖွံ့ဖြိုးရေး ဌာနခွဲမှ ဒေါက်တာ သိင်္ဂီအောင်မှ မိခင်နို့တိုက်ကျွေးခြင်းနှင့်ပတ်သက်၍ လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် မေတ္တာစမ်းရေဆေးခန်းတွင် (၃)ကြိမ် နှင့်အထက် လာရောက်ပြသပြီးသော ကိုယ်၀န် ဆောင်များ၊နို့တိုက်မိခင်များနှင့်၄င်းတို့၏ ခင်ပွန်းများ အား မိခင်နို့တိုက်ကျွေးခြင်းနှင့် အာဟာရအကြောင်း များနှင့် ပတ်သက်သော မေးခွန်းလွှာများကို ဖြေဆိုစေခဲ့ပြီး ထူးချွန်စွာဖြေဆိုနိုင်သော ကိုယ်၀န်ဆောင်များ၊ နို့တိုက်မိခင်များနှင့် ခင်ပွန်းများကို အသင်းဗဟိုဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုအဖွဲ့၀င်များက ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။