မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)၊ မေတ္တာစမ်းရေမူလတန်းကြိုကျောင်း ၏ (၂၀၂၅-၂၀၂၆)ပညာသင်နှစ် ကျောင်းဆင်းပွဲအခမ်းအနား ကို (၂၆-၃-၂၀၂၆) ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး(ဗဟို) မေတ္တာစမ်းရေမူလတန်းကြိုကျောင်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မေတ္တာစမ်းရေမူလတန်းကြိုကျောင်း မှ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ အခမ်းအနားသို့တက်ရောက်လာသူအားလုံးတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား နိုင်ငံတော်သီချင်းဖြင့် အလေးပြုခဲ့ကြပြီးနောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
ဆက်လက်၍ အသင်း(ဗဟို) ဥက္ကဋ္ဌ မှ မူလတန်းကြိုကျောင်း ကျောင်းဆင်းကျောင်းသား/သူများ အား ကျောင်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။
ဒုတိယပိုင်းအခမ်းအနားအစီအစဉ်များအနေဖြင့် မေတ္တာစမ်းရေမူလတန်းကြိုကျောင်းမှ သားငယ်/ သမီးငယ်လေးများက အကပဒေသာများနှင့် ကပြဖြေဖျော်တင်ဆက်ခဲ့ကြပါသည်။ ထို့နောက် မေတ္တာစမ်းရေမူလတန်းကြိုကျောင်း၌ ကျောင်းတက်ရောက်နေကြသော မူကြိုသားငယ်/သမီးငယ် စုစုပေါင်း ( ၄၇) ဦးတို့ကို မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက မေတ္တာလက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြင့်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။
